မောင်ကြီးတို့ ပျော်တဲ့ ရွာ ဆိုတဲ့ သာဝတ္ထိရွာ
“မောင်ကြီးတို့ ပျော်စံရာ “
မလွမ်းရော့သော်ကော
ကျွန်းမော့မော့မြောက်ခွင်
မူးရေယဉ်လက်ျာစီးပါလို့၊
မောင်ကြီးတို့ပျော်တဲ့ရွာ။
မောင်ကြီးတို့ ပျော်တဲ့ ရွာ ဆိုတဲ့ သာဝတ္ထိရွာကလေးပါ။ ထိုရွာကလေးသည် ရွှေဘို မြောက်ခြမ်း ခင်ဦးမြို့နယ်၊ရေဦးမြို့နယ်၊ကန့်ဘလူမြို့နယ် သုံးဆုံသုံးခွ ဆုံရာလို့ ပြောမယ်ဆိုလည်း တစ်နည်းအားဖြင့် ရပါသည်။ အထက် ဖော်ပြပါ လွမ်းချင်း ကဗျာ စာပိုဒ်သည် စာဆိုတော် လွမ်းချင်း ကဝိတစ်ဆူ ဖြစ်သော သာဝတ္ထိ ဦးကြီးရေးဖွဲ့ ခဲ့ပါသည်။စာပေအားဖြင့် သမိုင်း အားဖြင့် အဖက်ဖက် မှ ပြည့်စုံနေသော ရွာကလေးကို စာကြည့်တိုက်ဟူသော အနားကွပ်မှု အနုပညာဖြင့် တန်ဆာဆင်လိုက်ရာ တန်ဖိုးမဖြတ်နိုင်တဲ့ ရွာကလေးတစ်ရွာဟုသာ ဆိုချင်ပါတော့သည်။စာကြည့်တိုက်သည် ု လူငယ့်တွေ အတွက် အားမာန်တစ်ခုအဖြစ် လည်းကောင်း မွေးဖွားပေးရာ မိခင်အဖြစ်လည်းကောင်း အားကိုးအားထားရာ တက္ကသိုလ်တစ်ခု အဖြစ်လည်းကောင်း ယူဆ နိုင်ပါသောကြောင့် လူငယ့်အားမာန် ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။ သက်တမ်းအားဖြင့် ၂၀၁၂ ခုနှစ်စတင်ခဲ့ရာ ယခုအခါ ငါးနှစ် သက်တမ်းအတွင်း သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ တိုးတက်လာသည်ဟု မဆိုငြားသော်လည်း သော့တန်းလန်းဖြင့် အချုပ်ကျနေသော စာကြည့်တိုက်များ စာလျှင်တော့ ဂုဏ်မငယ်ပါလေဟု ထင်မြင်မိပါသည်။ လစဉ် မဟုတ်သော်ငြားလည်း သုံးလတစ်ကြိမ် လေးကြိမ် စာအုပ်များ အသစ်ထပ်မံ ဖြည့်ဆည်းနိုင်ခဲ့ပါသည်။ စာအုပ်များ အသစ်တိုးလာခြင်း၊ကလေးငယ်များ အတွက် ပန်းချီ ရေးဆွဲခြင်း၊ရုပ်ရှင်ကာတွန်းများပြသခြင်း နေရာသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပါသည်။တစ်ဖက် သည် လူကြီးများတွက် စာအုပ်ငှားရာဌာန စာအုပ်ထားရာဌာနဖြင့် အခန်းတစ်ခန်း ၊ကလေးငယ်များအတွက် ကာတွန်းစာအုပ်စဉ် ပန်းချီ ဆွဲ စာဖတ်နေရာ ရုပ်ရှင်ကြည့်ရာနေရာဖြင့် ပြည့်သိပ်နေပါသည်။ စာကြည့်တိုက် မှာ အထူးအစီအစဉ်တစ်ရပ် အနေဖြင့် ကဏ္ဍ နှစ်ခု ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါသည်။ ၁.ကွန်ပျူတာစင်တာ နှင့် အင်္ဂလိပ်စာ သင်တန်း သင်ကြားရေးတို့ဖြစ်ပါသည်။ ထို အစီအစဉ်နှစ်ရပ်အတွက် နေရာသည် ထပ်မံတိုးချဲ့ဖို့ လိုအပ်လာပါသည်။ ကွန်ပျူတာစင်တာအတွက် ယခု လက်ရှိအချိန်ထိ ကွန်ပျူတာ(၃)လုံး ပရင့်တာ(ပြုပြင်ဆဲ)(၁)လုံးတို့ဖြင့် စတင်စုဆောင်းလုပ်ဆောင်နေပါသည်။ အင်္ဂလိပ်စာ သင်ကြားမှု ပုံစံမှာ ဆရာကြီး ဦးမြကြိုင် သင်ခန်းစာများ၊အွန်လိုင်းမှ နိုင်ငံတစ်ကာ အင်္ဂလိပ်စာ အခြေခံများကို ဒေါင်းလုပ်ချ စုဆောင်းပြီး Projecter ဖြင့် ပြသ သင်ကြားပေးမည်ဟု ကြိုတင်ခန့်မှန်းလျာထားပါသည်။ မိမိတို့ ငယ်စဉ်က မထိတွေ့ မကိုင်တွယ် မသင်ကြားခဲ့ရသော အခွင့်အရေးများကို နောင်လာ နောင်သား မျိုးဆက်သစ်များအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် မျှ ကူညီခွင့် ရခြင်းအားဖြင့် များစွာ ဂုဏ်ယူနေမည်မှာ မလွဲ ဧကန်ပါ။နောင် မျိုးဆက်သစ် အနာဂတ်ကြယ်ပွင့်လေးများအတွက် လူငယ့်အားမာန်စာကြည့်တိုက်သည် အထောက်အပံ့အနည်းငယ်မျှ ပါဝင်ခွင့် ရခဲ့မည်ဆိုရင် ဂုဏ်ယူဝမ်းသာမဆုံးဖြစ်နေပါတော့မည်။
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment