ကျွန်တော်ဘာကြောင့် စာဖတ်ဖြစ်လဲ
ပထမအချက် အနေဖြင့် ဆယ်တန်းအောင်ပြီး တော့ ဖခင် နဲ့ တော်တော်များများ အယူအဆ တွေ ကွဲလွဲခဲ့ပါတယ်။
စကားကို လိပ်ပတ်လည်အောင် မပြောတတ်။ဒီအဖေက မွေးမှတော့ ဒီသားက ဖခင်နဲ့တူသာ မဆန်းပါဘူး။
ဖခင်လည်း စကားပြောရင် ပြတ်သလို သူ့မွေးတဲ့သား ကျွန်တော်လည်းပြတ်ခဲ့ပါတယ်။ ဖခင်ကိုယ်တိုင်ကလည်း
မှန်တယ်ထင်ရင် မလျော့သလို ကျွန်တော်ကိုယ်တိုင်လည်း မလျှော့ခဲ့ပါဘူး။ ကိုယ် ယုံကြည်ရာကို ပြောဆို ဖို့
နောက်မတွန့် ရင်းကနေ အဖေနဲ့ သား ကြားမှ စတင်ကွဲလွဲလာပါတော့တယ်။ အထူးသဖြင့် ဆယ်တန်းအောင်ပြီး
နောက်ပိုင်း ကျွန်တော့် ဖခင်သည် အဝေးသင်ကိုပဲ တက်စေချင်ပါသည်။မိခင်ကတော့ သက်မွေးပညာရပ်တစ်ခု
ကိုသွားစေချင်ဟန်။သို့သော် ကိုယ့်ပညာရေး ရည်ရွယ်ချက်ကို လမ်းကြောင်းပေးသူ ညွှန်ပြပေးသူမရှိခဲ့ပါဘူး။
ကျွန်တော့် အတွက် ဘုရားပေးလက်ဆောင်တစ်ခု ဟု ဆိုလို့ရသည့် ထီရောင်းသူ အစ်မ တစ်ယောက်က
ညွှန်ပြပေးရင်းကနေ အင်ယာ ကျောင်းကို တက်ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်နေရင်းကာလတွေမှာ အဖေ နဲ့ မကြာခဏဆိုသလို
ပြဿနာများဟာ တက်နေခဲ့ တက်နေမြဲပါ။ စဉ်စားမိသွားတာ တစ်ခုက ကျွန်တော်တို့ သားဖနှစ်ယောက် ရှိမလာခင်
ကတည်းက သားနဲ့ အဖေ အဖေ နဲ့သား မပြေလည်သူတွေ တော့ ရှိခဲ့မှာပဲ။နောက်လည်း ရှိဦးမှာပဲ။ ပြေလည်သူတွေ ဘာကြောင့်
ပြေလည်ပြီး မပြေလည်သူတွေ ဘာကြောင့် မပြေလည်သလဲဆိုတာ စူးစမ်းလေ့လာချင်မိတယ်။အချက်အလက်တွေကို ဘယ်က ရနိုင်မလဲ
စာအုပ်ထဲမှာ ရှိနေနိုင်သည်ဟု ယူဆမိပါသည်။ စာဖတ်လိုက်ရင် လူတွေ အကြောင်းသိမယ်။ ဖခင်သည်လည်း လူတွေထဲက လူတစ်ယောက်ပဲ။ လူတွေစိတ်
ဖခင်စိတ် အကဲခတ်နိုင်ဖို့ ညှိုနှိုင်းဖို့ တောင်းဆိုဖို့ ငြင်းဆန်ဖို့ ယုံကြည်ဖို့ ဆွေးနွေးဖို့ ဖြေရှင်းဖို့ တိုင်ပင်ဖို့ နည်းလမ်းလိုပါတယ်။ နည်းလမ်းတွေကို စာအုပ်တွေထဲမှာ
ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာတွေ ဖြစ်ရင်း ဖြေရှင်းရင် ပြေလည်ရင်း မပြေလည်ရင်း နောက်ထပ် ပြဿနာ တစ်ခုကတော့
ကျွန်တော့် တက္ကသိုလ် ကျောင်းသက် ရှည်ခြင်းဟာ အဓိက တရားခံဖြစ်သွားပါတယ်။ ဖခင် ကိုယ်တိုင်က ကျွန်တော့်ကို ငယ်စဉ်ကတည်းက
မှာထားတဲ့ စကားတစ်ခွန်းကတော့ ဆယ်တန်းအောင်ပြီးနောက်ပိုင်း တက္ကသိုလ်တွင် တစ်နှစ်ကျခွင့် ရှိတယ်။ နှစ်ကြိမ် ဖြစ်ခွင့် မရှိဘူး။
၂၀၀၇ ခုနှစ်မှာ AGTI Second Year မှာ တစ်ကြိမ်ကျပါတယ်။ နောက် ၂၀၁၁ ခုနှစ် မှာ တက္ကသိုလ် BE စာမေးပွဲ နောက်တစ်ကြိမ်
ထပ်ကျပါတယ်။ ကျွန်တော်ဘာလုပ်မှာလဲ။ အဖေ့ တာဝန်ကျေသွားပြီ။ ကျွန်တော့်တာဝန်ပဲ ကျန်ပါတော့တယ်။ ကျောင်းဆက်တက်မှာလား
ကျောင်းထွက်တော့မှာလား။အကြီးအကျယ် စဉ်းစားမိတယ်။ပထမဦးဆုံးကြိမ် ရှုံးနိမ့်တာ မဟုတ်သော်ငြားလည်း ပထမအကြိမ်တုန်းက ခုလောက်ထိ မခံစားရပါဘူး။
ဒုတိယအကြိမ် မှာ ရှုံးနိမ့်သူများ ကို ကိုယ်ချင်းစာမိပါတယ်။ သိမ်ငယ်မိခဲ့ပါတယ်။ အဲဒီလို အခြေအနေ မျိုးမှာ နောက်ဆုတ်မှာလား။ ရှေ့တိုးမှာလား။
ဝေခွဲမရဖြစ်နေပါတယ်။ သေချာစွာ ခိုင်မာစွာ ဆုံးဖြတ်ပြီးနောက်ပိုင်း ဘယ်တော့မှ နောက်မဆုတ်တော့ပါ ။ ငါ အောင်မြင်ရမယ်။အဓိက က ကြောက်စိတ်
ကြောက်စိတ်ကို ဖယ်ရှားနိုင်ရမယ်။ လုပ်ရင် ဖြစ်တယ်။ လူတိုင်းလူတိုင်းမှာ ဖြတ်ကျော်နိုင်စွမ်း လုပ်နိုင်စွမ်း ရှိတယ်။ စွမ်းအင်တွေရှိတယ်။ ကိုယ်စွမ်းအား ဉာဏ်စွမ်းအားတွေ
အသုံးချပြီး ဖြတ်ကျော်မယ်။
ဟီရိ သြတ္တပ မကောင်းမှု ပြုလုပ်ခြင်းမှာ ရှက်ခြင်း၊ကြောက်ခြင်း။
မှန်မှန်ကန်ကန် နှလုံးသွင်းပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် မိန်းကလေးဝတ်အင်္ကျ ီဝတ်များစတင် ရောင်းရင်း အင်ယာကျောင်းသား ကျွန်တော် BE Repeater
ကျောင်းအပ်ပြီး ကျောင်းစတက်ခဲ့ပါတယ်။နောက် လမ်းဘေး PCO ဖွင့်၊ ဆိုင်ကယ် ဓာတ်ဆီ ကို ရောင်းချပါတယ်။ ငွေကြေးကိုတော့ မုံရွာမြို့ခံ သူငယ်ချင်းတစ်ယောက်
ကူညီပါတယ်။ နောက် နွေရာသီကို ရောက်လာခြင်း နှစ်သိန်းတန် ဖုန်းများ ပေါ်ထွက်လာခြင်းကြောင့် ကျွန်တော့်ဝင်ငွေ ၂၀၁၂ ခုနှစ်ကာလ သုံးသိန်းမှ တစ်သိန်းခွဲသို့ လျောကျသွားပါသည်။
PCO ဖြုတ် ဓာတ်ဆီရောင်းခြင်း နား ၊နောက် စားသောက်ဆိုင်များသို့ ဆန်ပို့ခြင်းဖြင့် ဆန်ပွဲစားတစ်ပိုင်း နှစ်ကျကျောင်းသားတစ်ပိုင်း အနေဖြင့် ရပ်တည်ခဲ့ပါတယ်။
(ကျောင်းဆင်းလျှင် စွပ်ကျယ် ချိုင်းပြတ် Shower ဖိနပ် ပုဆိုးတိုတိုဖြင့် ဆန်လိုက်ပို့ ။ သူငယ်ချင်းတစ်ယောက် စကားတစ်ခွန်းကတော့ ဇော်ဝင်းမောင်ရယ် နင့်ကို
GTC ကျောင်းသားတစ်ယောက်လို့ ပြောရမှာ ငါရှက်တယ် ဟု အပျော်သဘောဖြင့် စနှောက်ခြင်းခံခဲ့ရပါတယ်။ အဲအချိန်မှာ ကျွန်တော်နှလုံးသားကို စာပေဖြင့်
ကုစားပြီးသွားပါပြီ အကယ်၍ မဟုတ်ခဲ့ရင် သူငယ်ချင်းစကားဖြင့် ကျွန်တော် လှဲကျ အရှက်ရနိုင်ပါတယ်။သူငယ်ချင်းနင့်ကို စိတ်မဆိုးပါဘူးနော် နင်လည်း ဒီစာကိုတွေ့ဖတ်မိမှာပါ။)
ထိုအတောအတွင်း မိခင် စိတ်ပူပြီး မုံရွာမြို့သို့ ရောက်ရှိလာပြီး ဘယ်လို ရပ်တည်နေတာလဲ ကျောင်းတက်ဖြစ်လား အကြွေးရှိလား။ စိုးရိမ်မှုဖြင့် ရောက်ရှိလာပါသည်။
ကျွန်တော်သိသွားပြီ။ လူက မလုပ်လို့ ဖြစ်နေရင် မလုပ်ဖူး။ကိုယ်စွမ်းဉာဏ်စွမ်းတွေက တုံးနေတယ်။ မှီခိုစရာရှိရင် မှီခိုနေချင်တော့တယ်။ ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတာ သိသွားပါတယ်။
ဒါကြောင့် မိခင်ကို တစ်လ တစ်သိန်း ထောက်ချင် ထောက်ပါ။ အကယ်၍ တစ်လ တစ်သိန်းအဆင်မပြေလျှင် လည်းး အကြွေး ခုနှစ်သိန်းဆပ်ပေးပါ။ ဒီနေ့ဒီအချိန်မှ စ BE ကျောင်းပြီးတိုင်
ပိုက်ဆံ ထပ်မတောာင်းတော့ပါဘူး။ ကတိပေးပါတယ်။ ဆိုပြီး မိခင်ကို ပြောခဲ့ပြီး မိခင်သည်လည်း အကြွေးများကို ဆပ်သွားပါသည်။ ဤနည်းဖြင့် BE Repeater ကြီးကို ဖြတ်သန်းခဲ့ပါသည်။
ကျောင်းတက်နေစဉ် အတောအတွင်းမှာ ကောလိပ်ကောင်းသား ဇဝန လေရှုးသုန်သုန် ရွှေပြည်တော်မျှော်တိုင်းဝေး လွမ်းမောစရာတက္ကသိုလ် နွေညများ မင်းလူ တာရာမင်းဝေ တက္ကသိုလ်ဘုန်းနိုင်
လွန်းထားထား သဒ္ဒါမောင် လရောင်ကျူးရင့် အစုံဖတ်ဖြစ်ခဲ့ပါတယ်။ နောက် ကျွန်တော့် Crazy စာရေးဆရာကတော့ ဖေမြင့်ပါ။ ဖေမြင့် စာအုပ်တော်တော်များများကို မနက်စာ စားဖို့ ပိုက်ဆံမကျန်လောက်သည် အထိ
ဝယ်ယူစုဆောင်းခဲ့မိပါသည်။ စာတွေဖတ်ရင်း တဖြည်းဖြည်းခံစားလာရခြင်းမှာ ကျွန်တော်တို့ မိဘများသည် လယ်သမားများဖြစ်ပါသည်။ လယ်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။
သူတို့ ဦးနှောက် အသုံးချမှုသည် ဒီနှစ် မိုးကောင်းမှာလား မိုးဦးနှောင်းမှာလား ပိုးကျမှာလား စပါးအထွက်တိုးမှာလား အလုပ်သမား ဈေးကြီးမှလား စပါးဈေးကောင်းမှာလား မြေဆီဈေးတက်မှာလား
ဘဏ်တိုးပေးဦးမှာလား စပါးမထွက်ရင်ရော ထွန်စက်ပျက်ရင် ပိုက်ဆံဘယ်က ချေးလို့ ရမလဲ ဘယ်ရွှေပေါင်ရမလဲ အလှူမင်္ဂလာ ဒီနှစ်ဘယ်လောက်များလဲ နာရေး ဘယ်လောက်များလဲ လှူဖို့ကျန်မှာလား
ဒါတွေ သူတို့ ဘဝ သူတို့ စိုးရိမ်ပူပန်ခြင်း အတိုးတက်နေရင် ညညတိုင် အိပ်မရဘူးဟု ပြောဆိုသော အမေ့အသံ။
ကျွန်တော်တို့ကျောင်းသားများသည် ကျောင်းလခ ကျူရှင်ဖိုး လက်ဖက်ရည်ဖိုး မနက်စာဖိုး ဆိုင်ကယ်ပြင်ဖိုး ဖိနပ်ဖိုး အင်ကျီဖိုး Project ကာလ စားရေးသောက်ရေး။အားလုံးဟာ ငွေ ငွေ ငွေ
ငွေဖြစ်နေသည်။ မိဘတွေအတွက် အကြွေး အကြွေး အကြွေး ဖြစ်နေသည်။ ကိုယ်သည် မိဘတွေအတွက် ဝန်ထုတ်ဝန်ပိုး မသိမသာ မှ သိသိသာသာ ဖြစ်လာပါသည်။
အဖြေရှာလိုက်တော့ ကိုယ်ချင်းစာတရား။ငါ့မိဘတွေ တစ်လ တစ်သိန်း တစ်သိန်းခွဲ။ ဘယ်ကနေရှာသလဲ။ ဘယ်ကနေ ပိုက်ဆံ ချေးပြီး ငါ့ကို ပို့တာလဲ။ ငါ့အိမ် ပိုက်ဆံရော ရှိလား။မရှိဘူးလား။
သိသင့်ပါတယ်။ သိပြီးသည့်နောက် အတတ်နိုင်ဆုံးဘယ်လိုလျော့ချမှလဲ။ စဉ်းစားသင့်တဲ့အချက်တစ်ခုပါ။ သိမှု ။သိမှု က တော်တော် အရေးပါလာပါတယ်။
ဒီအသိတွေကို BE ကျပြီးနောက်ပိုင်းမှ ကိုယ်ချင်းစာ ခံစားတတ်လာတာပါ။BE မကျခင်မှာ ကျွန်တော်ဟာ တော်တော် မလိမ္မာခဲ့ပါဘူး။ တစ်ဖက်ကလည်း အရမ်းကြီး ရိုင်းတဲ့ အထဲမှာတော့ ပါမနေခဲ့ပါဘူး။
ကျောင်းသားဘဝ အပျော်အပါး အသောက်အစား ရှိခဲ့ပါတယ်။ အတိုင်းအတာတစ်ခုထိပါပဲ။ ဒီအသိတွေကို ဘယ်လို ဝေမျှမှာလဲ။ ပညာရေးကို အားပေးသင့်တယ်။ အိမ်တိုင်းအိမ်တိုင်း ပညာတတ်ရှိရမယ်။
ပညာတတ်တွေကို ထိန်းသိမ်းဖို့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရားနဲ့ ထိန်းသိမ်းမှ တော်ကာကျမယ်။ မဟုတ်ရင် ပညာတတ်တွေ မိုက်ရင် အစွန်းရောက်ရင် ပညာမတတ်သူအယောက်တစ်ရာမိုက်တာထက်
ပိုဆိုးဝါးသွားနိုင်တယ်။ ပညာလည်းတတ်ရမယ်။ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရား လည်း ရှိရမယ်။ ဒီအချက်တွေကို ကျေးရွာမှာ ရှိတဲ့ အိမ်တိုင်းအိမ်တိုင်းကို တစ်အိမ်တက်ဆင်း လိုက်ပြောလို့ မဖြစ်နိုင်ပါ။
ဖြစ်နိုင်တယ်ထားပါဦး ငါ့သားသမီးကို မင်းက ကျောင်းထားပေးနိုင်သလားဆိုရင် အဲဒီမေးခွန်းအတွက် ဖြေမရှိပါဘူး။ အတန်းကျောင်းပညာတော့ မပေးနိုင်ဘူး။သို့ပေမယ့် အတန်းကျောင်းပညာ ထက်မသာ
ပေမယ့် မနိမ့်ပါးတဲ့ ပညာရေးတက္ကသိုလ်တစ်ခု ဘွဲ့မပေးနိုင်တဲ့တက္ကသိုလ်တစ်ခုတော့ ဖန်တီးပေးနိုင်ရမယ်။
လူငယ်များ စာများများဖတ်ပါ။
စာကြည့်တိုက်ဟာ
ဝင်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ်တစ်ခုပါ။
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အသိပညာတွေ ဖြန့်ဖြူးပေးနိုင်တဲ့
လူငယ့်အားမာန်စာကြည့်တိုက် ကို ထူထောင်ပေးခဲ့
စာကြည့်တိုက် ထူထောင်ပြီးနောက်ပိုင်း စာကြည့်တိုက် အလုပ်ကိုလည်းလုပ်ရတယ်။အလှူရှင်ရှာဖို့။စာကြည့်တိုက်ပြင်ဆင်ဖို့။စာပေပြောဟောပွဲလုပ်ဖို့။
ကလေးသူငယ်များ စာဖတ်လာအောင် စည်းရုံးဖို့။ကွန်ပျူတာသင်တန်းများဖွင့်ပေးနိုင်ဖို့။စာဖတ်ရှိန်မြင့်လာဖို့။စာအုပ်တွေ စည်းကမ်းရှိရှိ ဖတ်ပြီးပြန်အပ်ဖို့။
စာဖတ်နေသူများကို အသိအမှတ်ပြုမှတ်တိုင်စိုက်ပေးဖို့။ စာပေကို လမ်းညွန်ပေးဖို့။ စာအုပ်ကောင်းများကို ညွန်ပြပေးဖို့။
သူတစ်ပါးကို စည်းရုံးဖို့ သူတစ်ပါးကို ပြောင်းလည်းဖို့ မိမိကိုယ်တိုင် အရင် စာဖတ်မှဖြစ်မယ်။
မိမိကိုယ်တိုင် ဆွေးနွေးနိုင် လမ်းပြနိုင်မှဖြစ်မယ်။ ခုတော့ စာအုပ်မရွေးတော့ပါ။ စာကြည့်တိုက် အတွက် ဘယ်စာအုပ်မဆို ရှေ့ကနေဦးဆောင်ပြီး
ဖတ်ပေးပါတယ်။ တစ်ဖန် စာကြည့်တိုက်မှ စာဖတ်သူများကို ပြန်လည် ဝေမျှ အကြံပြုပေးပါတယ်။ကိုယ့်ထက် စာဖတ်အားသာသူတွေဆီလည်း
အကူအညီတောင်း စာအုပ်ကောင်းများကိုလည်း လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်။
ကျွန်တော်ကိုယ်တိုင် စာဖတ်ပါတယ်။ ရှုးရှုးမူးမူးဖတ်ပါတယ်။ စာအုပ်တွေ မရှိရင် မနေနိုင်လောက်အောင် ဖြစ်ခဲ့ဖူးပါတယ်။
စမ်းသပ်ကြည့်ဖူးပါတယ်။စာဖတ်ရင် ဘာရမှာလဲ လို့တော်တော်များများ မေးကြပါတယ်။
စာဖတ်ရင် ရနိုင်တဲ့အချက်ကတော့ ဦးနှောက် အသက်ရှင်ဖို့ပါ။
လူအသက်ရှင်ဖို့ အောက်စီဂျင်လိုသလို အစာအဟာရလည်း လိုအပ်ပါတယ်။
ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက်လို့ ဆိုရိုး ရှိပါတယ်။
ကိုယ်ခန္ဓာ မသေဆုံးဖို့ပဲ ကျွန်တော်တို့ အစာကို ဂရုစိုက်စားကြပါတယ်။
ဦးနှောက်မသေဆုံးဖို့ ဂရုစိုက်ဖြစ်ကြပါဘူး။
အသက်ရှင်နေတိုင်း ဦးနှောက် မသေဆုံးဖူးလို့ ပြောလို့မရပါဘူး။
အကြောင်းအရာ တစ်ခု ကို အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားမယ်ဆိုရင်
ဒါဟာ ဦးနှောက်သေဆုံးမှုပါ။ ဦးနှောက်သေဆုံးမှု ဖြစ်နေသူတွေ အမှားအများဆုံးကတော့ ဆင်ခြင်တုံ
တရားလျှော့နည်းကြပြီး လောက လူသားတွေ အတွက် အရုပ်ဆိုး အကျဉ်းတန်မှုတွေ ကို ဖန်တီးပေးသွားသူများသာ။
ချစ်ခင်လေးစားရပါသော မိတ်ဆွေများ သူငယ်ချင်းများ စာကြည့်တိုက် လုပ်ဖော်ကိုင်ဖက်များ စာပေကိုမြတ်နိုးသူများ အားလုံး စာဖတ်ကြပါ။
လောကဓံ ရိုက်ပုတ်မှု၊ပြိုလဲမှု၊ကျရှုံးမှု၊နှိပ်စက်မှု၊ယုတ်မာမှု၊အခွင့်အရေးမပေးမှု၊အခက်အခဲများ အားလုံးကို ကျော်ဖြတ်ဖို့ စာဖတ်ကြပါစို့။
ပိုးပေါက်
နည်းပညာတက္ကသိုလ် မုံရွာ
စက်တင်ဘာ ၂၅ ၂၀၁၆
FieryLaddie Library
Sagaing Division,Khin-U Township
TharWutHti Village.
fieryladdie.tharwuthti@gmail.com
fieryladdie.blogspot.com
09-73551087
Comments
Post a Comment