မြန်မာ့စာကြည့်တိုက်ကိစ္စ
📚📚📚📚📚📚📚📚
ဆောင်းပါးများ၊ သတင်းများကဖြင့် စာကြည့်တိုက်တွေ တိုးချဲ့ဖွင့်လှစ်သင့်သည်၊ စာကြည့်တိုက်တွေ ရှိသင့်သည် တဝီဝီ တစီစီဖြင့် ရေးတတ်ကြ၏။ တင်ပြတတ်ကြ၏။ ဖွင့်ဆိုရှင်းပြကြပါ၏။ ကောင်းပါလေ၏။ သို့ပေသည့် ဖွင့်ဖြစ်လေသည့် စာကြည့်တိုက်များ၏ခရီးသည် အဘယ်မျှ တာရှည်ခံတတ်ကြပါသနည်း။
မြန်မာနိုင်ငံ၏ စာကြည့်တိုက်ခရီးလမ်းကြောင်းတွင် ဖွင့်လိုက်၊ ပိတ်လိုက်၊ ပျက်သွားလိုက်၊ ဖျက်စီးလိုက်နှင့် သက်ဆိုးမရှည်သော စာကြည့်တိုက်တို့ကား များပြားလွန်းလှပြီ မဟုတ်လား။ အလုပ်ဖြစ်ရုံ၊ အမည်ရရုံနှင့် ခေတ္တသဘော (ကောက်ရိုးမီးစိတ်ဓါတ်) စာကြည့်တိုက်ထူထောင်တတ်မှုမျိုးကား ကောင်းကျိုးထက် ဆိုးကျိုးစွက်လာနိုင်စရာသာ။
စာကြည့်တိုက်ဟူသည် စာအုပ်ရယ်၊ အဆောက်အအုံရယ် ရှိရုံမျှနှင့် ဘယ်သောအခါမျှ တာရှည်မခံ။ စာအုပ်ဂိုထောင်၊ စာအုပ်သိုလှောင်ရုံ သဘောသည် စာကြည့်တိုက်သဘောနှင့် လားလားမျှမသက်ဆိုင်စေချင်ပါ။ စာကြည့်တိုက်ဟူသည်နှင့်အညီ ကြည့်သင့် ကြည့်ထိုက်၊ ရှိသင့် ရှိထိုက်အပ်ပါမည့် စာကြည့်တိုက်ပညာ၏သဘောကို ထည့်သွင်းစဉ်းစားရမည်။
အောင်မြင်နေလေပြီဖြစ်သော အ သုံးလုံးကိစ္စ၊ အရေးအဖတ်အတွက်ကိစ္စတွင် အဖတ်ကိစ္စသည် စိတ်ချနိုင်စရာ မမြင်အပ်သေး။ စာဆက်ဖတ်ရမှုသဘောကို ကျေးရွာစာကြည့်တိုက်လေးများက သက်ဆိုးရှည်စွာ ကျင့်ကြံစေရမှုနည်းလမ်းသည်သာ အခရာ၊ အဓိက၊ ပင်မအခြေအနေ။
သို့ပါလျှင် အဘယ်သို့ ပြုမူချင်ကြပါသနည်း။
နည်းပေါင်းစုံသည် များပြားလှမည်ထင်ပါ၏။
ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ဝန်းကျင်၏ ရေမြေအခြေအနေအလိုက် ရှိထိုက်သည့်စာကြည့်တိုက်၊ စာဖတ်ခန်း၊ စာဖတ်ဝိုင်းမျိုးသည် ရှိကို ရှိသင့်အပ်သည်သာ။ အခြားနိုင်ငံ(တိုးတက်သော အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ရုရှား စာသည့် စက်မှုထွန်းကားသော နိုင်ငံအများစု) တို့၏ ရွေ့လျားစာကြည့်တိုက်သဘောမျိုး မဖြစ်တောင် လွယ်အိတ်စာကြည့်တိုက်၊ ခရီးသည်စာကြည့်တိုက်၊ (ခါးပိုက်ဆောင်စာကြည့်တိုက်) တောလက်ကျေးရွာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ဝါသနာ၊ စေတနာရှင် စာပေသမားတို့က ကမကထပြုလုပ်တတ်စေရသော ကျေးလက်တောရွာ၊ ရပ်ကွက်မြို့ရွာ စာကြည့်တိုက်များ သက်ဆိုးရှည်သင့်သည်။ ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ ရှိစေအပ်သော စာကြည့်တိုက်(မှူး)သမားတို့၏ ကျင့်စဉ်များတွင် နည်းလမ်းမှန်သော ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာမျိုးဆိုပါလျှင် အတိုင်းထက်အလွန် ကောင်းမွန်ပါမည် ထင်ပေ၏။
မည်သို့ဖြစ်စေ စာကြည့်တိုက်တွေ တိုးချဲ့ရေး၊ စာကြည့်တိုက်တွေ ဖွင့်လှစ်ရေး၊ စာကြည့်တိုက်တွေ တာရှည်တည်တံ့ခိုင်မြဲရေးတို့အတွက်ကား နည်းလမ်းစနစ်ကောင်းများစွာတို့ဖြင့် ဆောင်ရွက်သင့်ပါပြီ။
စာကြည့်တိုက်တွေ တိုးချဲ့ရေး၊ ဖြစ်မြောက်ရေး၊ သက်ဆိုးရှည်ရေးတို့အတွက် စာအုပ်၊ အဆောက်အအုံတို့သာမက စာကြည့်တိုက်ပညာ၊ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ အနစ်နာခံတတ်သော စာကြည့်တိုက်ပညာရှင်(သမား) များစွာကိုလည်း ထည့်သွင်းစဉ်းစားလာအပ်ပြီ ထင်ပါသည်။
(မန္တလေး)ဟံသာဝတီ-သတင်းစာ
(၁၆.၃.၁၉၇၈)
Source: ဦးမြင့်ကြိုင်(ယဉ်ကျေးမှုဗိမာန်)၏ စာကြည့်တိုက်နှင့် လူ့စွမ်းအားဖွံ့ဖြိုးမှု
Copyယူလာတာ
Credit-မူရင်း
Comments
Post a Comment