စာကြည့်တိုက်တွေတည်တဲ့ ဘုန်းဘုန်းရဲ့ ရင်တွင်းစကား
စာကြည့်တိုက်တွေတည်တဲ့ ဘုန်းဘုန်းရဲ့ ရင်တွင်းစကား
အရှင်ဣဿရိယ(ဗုဒ္ဓတက္ကသိုလ်)
စာကြည့်တိုက်တွေ ဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပညာတွေ ဗဟုသုတတွေ ပြည့်စုံတဲ့ သူတွေ ဖြစ်စေချင်တယ်။ ငယ်ငယ်က စာဖတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ရွာမှာ စာကြည့်တိုက် မရှိတော့ စာဖတ်ဖို့အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် အရွယ်ရောက်လာရင် စာကြည့်တိုက်တွေ ထောင်မယ်လို့ဆုံးဖြတ်ချက် ချထားခဲ့တယ်။ စာကြည့်တိုက်တွေဟာ ပညာရေးရဲ့ ပင်မရေသောက် မြစ်ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ လူအများစုကြီး စာမဖတ်ကြခြင်းပါပဲ။ စာဖတ်တဲ့လူ တစ်ယောက်လောက်က စကားပြောရင် ဝိုင်းငေးမော နားထောင်တဲ့ အဆင့်မှာပဲ ရှိကြတာ များပါတယ်။ မှားတယ်မှန်တယ် ထောက်ပြနိုင် ဝေဘန်ဆွေးနွေးပြနိုင်တာ အင်မတန် နည်းပါးပါတယ်။ အဲဒီတော့ ပြောပြတဲ့သူဟာလဲ သူပြောတာတွေ လူတွေ ဝိုင်းနားထောင် နေတာကို ဂုဏ်ယူရင်းနဲ့ ကိုယ်ပြောတာတွေ မှားလားမှန်လား မသိတော့ပဲ ငါဟာ လူတတ်တစ်ယောက် ဖြစ်တယ်ဆိုပြီး မာနထောင် လာပြန်ရော။ ပိုဆိုးတာက ရွာတွေမှာဆို အဲဒီလို ဦးဆောင်ပြီး ပြောပြမဲ့ သူတောင်မရှိတော့ သူတို့တိုက်ခဲ့တဲ့ နွားတိုက်ပွဲတို့ ကြက်တိုက်ပွဲတို့ချဲတို့ ဘောလုံးလောင်းပွဲတို့ အကြောင်းကို ထိုင်လေပန်းရင်းနဲ့အချိန်ကုန်သွားကြတာ များပါတယ်။ ဒီလိုနဲ့ ကိုယ့်လူမျိုး ကိုယ့်သာသနာ ကိုယ်နိုင်ငံအတွက် တန်ဖိုးရှိ အောင်လုပ်နိုင်တဲ့ သူတွေဖြစ်မလာဘဲ တန်ဖိုးမဲ့သူ အဖြစ်နဲ့နိဂုံးချုပ် သွားကြတာ များပါတယ်။
စာကြည့်တိုက်တွေဟာ တန်ဖိုးရှိတဲ့သူတွေကို မွေးထုတ်ပေးရာဌာနလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့လို တန်ဖိုးရှိတဲ့သူတွေကို စာကြည့်တွေကပဲ မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက တန်ဖိုးရှိတဲ့သူတွေက မွေးထုတ်ပေးရာ ဌာနတွေ အင်မတန် နည်းပါးနေပြီး လူမိုက်တွေ မွေးထုတ်ပေးရာဌာန ဖြစ်တဲ့ အရက်ဝိုင်း၊ဖဲဝိုင်း၊ လောင်းကစား ဝိုင်းတွေ၊ အာဝါဒေးပွဲတွေ၊ ချဲထီဒိုင်တွေ တနေ့တခြား ပိုမိုများပြားလာတာဟာ အင်မတန်မှကို ဝမ်းနည်းစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ဒါတွေကို တရားဝင်ခွင့်ပြုထားပြီး စာကြည့်တိုက်တွေ၊ ပညာရေးဌာနတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာဟာ လုံးဝကိုကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ယခုလက်ရှိစစ်ဗိုလ်ချုပ်တွေဟာ ပညာရေးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနှောင့်ယှက် ပိတ်ပင်လေ့ရှိပါတယ်။ ပညာတတ်အများစုကို ထောင်ထဲထည့်ထားပြီး နည်းမျိုးစုံနဲ့နှိပ်စက်ပြ နှစ်ရှည်ထောင်ဒဏ်တွေ ချပြတာဟာ စစ်ဗိုလ်ချုပ်ကြီးတွေ သူတို့အလွန်ကြောက်လို့ ဖြစ်ပါတယ်။ သူတို့သိထားတာက ပညာတတ်တဲ့သူတွေသာ သူတို့ကို တော်လှန်နိုင်တယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့်သူတို့ အကြောက်ဆုံးဟာ ပညာရေးပါပဲ မိမိတို့ပြည်သူပြည်သားတွေကလည်းပဲ သူတို့အကြောက်ဆုံးဖြစ်တဲ့ ပညာရေးကို အခက်အခဲတွေကြားထဲကပဲ မရရအောင် တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဦးဇင်း ပြည်တွင်းမှာ နေစဉ်က အခက်အခဲတွေ ကြားထဲကပဲ စာကြည့်တိုက်ပေါင်း ၁၂ ခုလောက် တည်ထောင်နိုင်ခဲ့ပါတယ်။ စာကြည်တိုက်မှာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်စကားပြော သင်တန်းတွေ၊ ကွန်ပြူတာ၊ အင်တာနက်သင်တန်းတွေ၊ ကျူရှင်အခမဲ့သင်တန်းတွေ၊ ယဉ်ကျေးမှုသင်တန်းတွေ၊ အတွေးအခေါ် သင်တန်းတွေကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ စာကြည့်တိုက်ကနေ တိုင်းပြည်ကို ချစ်တဲ့ တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ မျိုးဆက်သစ်လူငယ်တွေ အများကြီးမွေးထုတ် နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အနှုံ့အပြားမှာ စာကြည့်တိုက်တွေ တည်ထောင်ပြီး တိုင်းချစ်ပြည်ချစ် ပညာတတ်မျိုးဆက်သစ် လူငယ်တွေများများ မွေးထုတ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါဟာအရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အများစုဟာ လိုအပ်တာကို မလုပ်ကြပဲမလိုအပ်တာကို လုပ်ကြတာများပါတယ်။ ခြေလေးချောင်းနဲ့ ပြည့်စုံနေတဲ့ခုံတစ်ခုံကို နောက်ထက် ခြေတစ်ချောင်း ထပ်ထည့်ရင် အလကားပါပဲ။ ရှုပ်ရုံပဲရှိပါတယ်။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက ပြည့်စုံကောင်းမွန်တဲ့ ပညာရေးပါ။ ပြည့်စုံကောင်းမွန်တဲ့ ပညာရေးဖြစ်ဖို့ စာသင်ကျောင်းတိုင်းမှာ၊ ဘုန်းကြီးကျောင်းတိုင်းမှာ၊ ရပ်ကွက်တိုင်းမှာ၊ မြို့တိုင်းမှာ စာကြည့်တိုက်တွေ ရှိရပါမယ်။ ပြည်သူတွေကိုစာတွေ ဖတ်လာလာအောင် စာကြည့်တိုက်တွေက နည်းမျိုးစုံနဲ့ စည်းရုံးရပါမယ်။ ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံး၊ ကျပန်းစကား ပြိုင်ပွဲတွေ ကျင်းပပေးရပါမယ်။ စာပေဟောပြောပွဲတွေ ကျင်းပပေးရပါမယ်။ ဦဇင်းတို့ မြန်မာနိုင်ငံမှာ နေစဉ်က အားလုံးကျင်းပပေးခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ စာဖတ်အားတွေ ကောင်းလာခဲ့ပါတယ်။ ပညာရေးကို စိတ်ဝင်စားမှု ပိုမို များပြားလာခဲ့ပါတယ်။ စစ်အစိုးရရဲ့ နည်းမျိုးစုံ ဒုက္ခပေးတာကို ခံခဲ့ရပါတယ်။ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် အခက်အခဲတွေ ဘယ်လောက်လောက်ပဲကြုံကြုံ ကျေနပ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ် ရွေးချယ်ထားတဲ့ လမ်းဖြစ်နေလို့ပါ။ ဘယ်စစ်အာဏာရှင်ကမှ ကိုယ့်ကိုသနားပြီး အသာတကြည် လက်ခံမှာမဟုတ်ပါဘူး။ သူတို့ယုတ်မာလို့ရသလောက် ယုတ်မာမယ် ကောက်ကျစ်လို့ ရသလောက် ကောက်ကျစ်မယ် အာဏာပြလို့ရသလောက် ပြပါမယ်။ သူတို့ဟာနောက်ဆုံး ထွက်သက်ထိ သူတို့အာဏာကို ဆုပ်ကိုင်လို့ရသလောက် ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတွေ ဗဟုသုတတွေ ရှိလာတာနှင့်အမျှ သူတို့ဟာနောက်ကို ဆုတ်ပေးရပါတယ်။ ရှေ့ကို လုံးဝတိုးလို့ မရပါဘူး။ အခုဆိုရင် အာဏာရှင်ရဲ့ ကျဆုံးခန်းဟာ လက်တစ်ကမ်း အလိုမှာပဲ ရှိပါတယ်။ ဘာလို့လဲဆိုရင် ပြည်သူလူထုတွေဟာ မျက်စိတွေ နားတွေပွင့်လာကြပြီ။ ဒါဟာမျက်စိတွေ နားတွေဖွင့်ပေးရာ ဖြစ်တဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တွေ ပေါများလာ လို့ပဲဖြစ်ပါတယ်။ စာကြည့်တိုက်တွေ ဒီထက်ပိုပြီး ပေါများဖို့အများကြီး လိုပါသေးတယ်။ အများကြီး ဝိုင်းဝန်းကြိုးစား ရအုံးမှာပါ။ ဒါကြောင့် ဦးဇင်းဟာ ရောက်လေရာမှာ စာကြည့်တိုက် တည်ထောင်တယ်။ ဘာသာဗေဒ သင်တန်းတွေဖွင့်တယ်၊ ပညာရေးကို မြင့်တယ်။ပညာရေးမြင့်မားလာတာ နှင့်အမျှ ကိုယ်လူမျိုး ကိုယ်နိုင်ငံသည်လည်း ကျိန်းသေမုချ မြင့်မားလာကာ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ဂုဏ်ရောင်ဝင့်ထည် လာပါလိမ့်မယ်။ ပညာရေးမြင့်မားဖို့ စာကြည့်တိုက်တွေ သင်တန်းတွေ ကြိုးစားတည်ထောင်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း………………………
ဆရာတော်ပုံတင်မပေးနိုင်တာခွင့်လွှတ်ပေးပါ
Credit:
(မောက္ခ)သတင်းဌာန
Comments
Post a Comment