လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့
လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့ message ပို့လာလို့ပါ။
အပိုင်း(၁)
စာကြည့်တိုက် လုပ်ချင်စိတ်ဖြစ်လာအောင် တွန်းအားတစ်ခု ကတော့ မုံရွာ နည်းပညာတက္ကသိုလ် ကျောင်းစာကြည့်တိုက်မှာ အချိန်ပိုင်း ကူညီပေးဖြစ်ခဲ့ဖူးပါသည်။ စာကြည့်တိုက် သည် ကျောင်းစာကြည့်တိုက် ပြည်သူ့စာကြည့်တိုက် ရည် ညွန်းစာကြည့်တိုက် ဘယ်စာကြည့်တိုက်မျိုးမဆို ဖွင့်လှစ်ဖို့ အားပေးကြရမည်သာ။
တွန်းအားအဖြစ်ဆုံးကိစ္စရပ်နှစ်ရပ်ကတော့ မန္တလေးမြို့မှ အလည်လာသော ဦးလေးတစ်ယောက် ပြောဆိုတဲ့ စကား “မင်းတို့ရွာ ရိုင်းလိုက်တာ ရိုင်းမှာပေါ့ စာကြည့်တိုက်မှ မရှိတာဆိုတဲ့ စကားလုံးရယ် “ နည်းပညာတက္ကသိုလ်မုံရွာ ကျောင်းတက်နေစဉ်က ကျောင်းသားဆိုးတစ်ယောက် ဖြစ်ခဲ့သည့်အတိုင်း တစ်ဖိုင်းဖိုင်း စာမေးပွဲ ကျ တော့ ရပ်ရွာက နာမည်ပေးထားတာ “ကိုငွေတောင်းကြီးလာပြီဟေ့၊ ကုန်သည်ကြီးလာပြီဟေ့(ကုန်ရင်လာသည်သည့် ကုန်သည်)”
တက္ကသိုလ်ကျောင်းထား စာစား မိဘများ မွဲဆေးဖော် တက္ကသိုလ် နော်။ ဟုတ် ဟုတ် မဟုတ်ဟုတ်။ ပညာရေးကို အားမပေးမှာ စိုးရိမ်မိပါသည်။ ဟုတ်တာတွေ ရှိခဲ့သလို မဟုတ်တာတွေလည်း ရှိခဲ့ပါသည်။ ရိုးသား အေးချမ်း လှတဲ့ တောသူ တောင်သားတွေ နယ်မှာ စကားတွေ သတင်းတွေဟာ ပညာရေးအားပေးမှု နည်းစေမှာကို အင်မတန် စိုးရိမ်မိပါသည်။ တကယ်တော့ စာကြည့်တိုက်တိုက် ထက် ပညာရေး ဖောင်တေးရှင်းလုပ်ချင်ခဲ့တာ အမှန်ပါ။ တက္ကသိုလ်က အတတ်ပညာကို ပေးတယ်။ အသိပညာ ဘယ်ကနေ ရနိုင်မလဲဆိုတဲ့ အတွေးတစ်ခု ရခဲ့ပါသည်။ ခရီးသွား၊လူကြီးသူမ ဆိုဆုံးမ၊စာဖတ်ခြင်း။ ခရီးသွားတယ်ဆိုတာကလည်း ပိုက်ဆံ ရှိမှ၊ လူကြီးသူမဆိုတာကလည်း သူ့ခေတ်သူ့အခါက စကားလုံးများသည်လည်း တစ်သွေမတိုင်း အမှန်မဖြစ်နိုင် ဘဝအတွေ့အကြုံတော့ ရရှိကောင်း ရရှိမည်။
အတွေ့အကြုံကောင်းများ မျှဝေသည့် လူကြီးများလည်း ရှိပါသည်။ (လူကြီးတိုင်း မဆိုလိုပါ) အသက်ကြီးတိုင်းလည်း လူကြီး မဖြစ်နိုင်။ အသိတစ်ခု တော့ အမှန်တိုင်း သိဖို့ လိုလိ့်မ်မည်။ မိမိ ကိုယ်တိုင် ထိုးထွင်း သိမြင်နိုင်သော အမှန်တရားဖြစ်သော အသိကို ရှာဖွေလိုလျှင် စာပေကို ဖတ်ခြင်းဖြင့် အထောက်အပံ့ကောင်း ရလိမ့်မည်ဟု ယုံကြည်မိပါတယ်။ ယုံကြည်မှု အတိုင်း အရင်ဆုံး ကျောင်းတက်ဖော် မိတ်ဆွေကို အလှူခံခဲ့ပါသည်။ ထိုမှ တဆင့် အောင်မြင်နေသော စာကြည့်တိုက်များကို ဆိုင်ကယ်ဖြင့် သွားရောက်လေ့လာခဲ့ပါသည်။ ညိုမြစာကြည့်တိုက် ဒီပဲယင်း စိန်ကြည် စာကြည့်တိုက် တန့်ဆည် စာသိုက် ပရဟိတ စာကြည့်တိုက် အစသဖြင့် အောင်မြင်နေတဲ့ စာကြည့်တိုက်များကို အချိန်ပေးလေ့လာခဲ့ပါသည်။
လက်ရှိ လူငယ့့်အားမာန်စာကြည့်တိုက် မစခင် သာဝတ္ထိကျေးရွာမှာ အဆောက်အဦး စာအုပ် အလှူငွေ အဖွဲ့အစည်း အစုံအလင် ရှိခဲ့သည်ဟု ကြားခဲ့ပါသည်။ ထိုကြောင့် အဖွဲ့အစည်းဟောင်း ကော်မတီဝင်များကို ဆက်သွယ် လှူဒါန်းဖို့ အကြောင်းကြားခဲ့ရာ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပါသည်။ သီးခြား ဖွင့်လှစ်ဖို့ ကြိုးစားရာ ကျေးရွာတွင် လစ်လှပ်နေသော အဆောက်အဦးဟောင်းတစ်ခု ကို အငှားဖြင့် တောင်းဆိုခဲ့ရာတွင်လည်း အဆင်မပြေဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် ရန်ပုံငွေသည် လက်ရှိ တန်ဆည်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ဦးနေအောင်+ဒေါ်ထက်ထက်အောင် တို့မှ အလှူငွေ တစ်သောင်း လှူဒါန်းပါသည်။ ထို အလှူငွေ ဖြင့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပဖြစ်ခဲ့ပါသည်။ အမှတ်တရာအဖြစ် စာပေဟောပြောပွဲညတွင် စာရေးဆရာကြီးများကို ကန်တော့ဖို့ နေသာသာ သံရိုက်ဖို့ ပိုက်ဆံတောင်းတာတောင် ၂၅၀ ထဲရှိပါတယ်လို့ ပြောရတယ်အဖြစ်တစ်ခုရယ်ပါ။ ဆရာ ရန်ငြိမ်းသူမှ အလှူငွေ ၂၅၀၀၀ ပြန်လည် လှူဒါန်းပေးသွားပါသည်။ စာပေဟောပြောပွဲတွင်လည်း အကြောင်းကြားမှု အားနည်းခြင်းအားနည်းခြင်းဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်လည်း ရောက်ခဲ့ရပါသည်။ထိုအချင်းအရာဖြင့် လည်း မိသားစု စိတ်ဝမ်းကွဲစရာ စိတ်ဆင်းရဲစရာလည်း ကြုံတွေ့ရပါသည်။စာအုပ်တစ်မျိုးထဲရှိသာသော ကျွန်တော်တို့ စာကြည့်တိုက်အတွက် အားတက်စရာအဖြစ် မိသားစု တစ်စုဖြင့် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပါသည်။ ဆောင်ရာသီ ညနေခင်းမှာ စာကြည့်တိုက်ကို လမ်းဘေးမှာပဲ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဘယ်လူကြီး ဘယ်မိုးပျံပူဖောင်း ဘယ်ဖဲကြိုးမှ မဖြတ်ပဲ ဖွင့်လှစ်ခဲ့ပါသည်။
လက်ခုပ်တီးသူလည်း မရှိခဲ့ပါ။ကော်ဇောလည်း ခင်းထားခြင်း မရှိပါ။ လမ်းမ ပေါ်မှာ အပြာရောင် မိုးကာဖြင့် စာဖတ်နေသော ကလေးငယ်တစ်စု။ အားလုံးဟာ စာအုပ်ချုပ်တံ ကိုယ်စီဖြင့် စာအုပ်စာရင်းသွင်းခြင်းဖြင့် တက်ညီလက်ညီ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွယ်ဖွယ်ရာရာစားစရာကတော့ ငှက်ပျောသီး နှင့် သဘောၤသီးလက်သုတ် ရေနွေးကြမ်းဖြင့် လူငယ့်အားမာန်စာကြည့်တိုက်ကို ၁၂ ဒီဇင်ဘာ ၂၀၁၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။
(ဆက်လက်ရေးသားပါမည်)
Comments
Post a Comment