ဦးကြီးဆောက်လုပ်လှူဒါန်းခဲ့သော သိမ်၊အတွင်းမှ ချမ်းသာကြီး၊ချမ်းသာရ ရုပ်ပွားနှစ်ဆူ
စာအုပ်အမည်-စာဆိုတော်များ အတ္ထုပ္ပတ္တိ
မူရင်းရေးသားသူ-မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း၊(မဟာဝိဇ္ဇာ၊ရွှေတံဆိပ်ဆုရ)
ပြုစုသော
ထပ်မံဖြည့်စွက်-ဦးခင်အေး(မောင်ခင်မင်၊ဓနုဖြူ)ပါမောက္ခ၊မြန်မာစာဌာန၊ရန်ကုန်တက္ကသိုလ် တည်းဖြတ်ဖြည့်စွက်သည်။
ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ ၁၂၀၀ခန့်-၁၂၆၀ခန့်
“စည်းစိမ်ကြီးပါဘိ၊ရုတ်သီးထောင့်ကိုင်၊နှစ်ယောက်ကယ်ထိုင်၊ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်”အစရှိသော လွမ်းချင်းနှင့်တကွ တောဓလေ့ဖွဲ့ လွမ်းချင်းပေါင်းများစွာ၊သံချို လေးချိုးဖွဲ့ပေါင်းများစွာ ကို ရေးသားစီကုံးခဲ့သူ ဦးကြီးမှာ ‘ဈေးတက်-တောင်ကြားရွာ’ ဘွဲ့သမိုင်း၊ပါဌာနုသာရီသတ်ပုံ၊ရတနာကြေးမုံ အစရှိသည်တို့ကို ရေးသားဖွဲ့နွ့ဲသူ ဦးကြီး နှင့် တစ်ခေတ်တည်းလောက်တွင် ပေါ်ပေါက်ခဲ့ငြားသော်လည်း တစ်ဦးစီ တခြားစီ ဖြစ်ပေသည်။ ထိုစာဆိုတော်နှစ်ဦးလုံးပင် ပဉ္စမသင်္ဂါ ယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီးနှင့်သားတော်သီပေါမင်းတရားကြီးတို့ လက်ထက်တော်အခါများကပင် ပေါ်ပေါက်ခဲ့ကြသများပင် မှန်သော်လည်း လွမ်းချင်းဆရာကြီး မှာ ရွှေဘိုမြောက်လက် ခင်ဦးနယ် သာဝတ္ထိသားဖြစ်၍ ဈေးတက်-တောင်သာကြားရွာ ဘွဲ့သမိုင်းဆရာကြီး ဦးကြီးမှာ စစ်ကိုင်းနယ်အဝင်အပါ စသာ-တောင်ကြားဇာတိ ဖြစ်လေသည်။ ထင်ရှားစေပါဦးအံ့။ ။’မြန်မာစာ ညွန့်ပေါင်းကျမ်း၊’ စတုတ္ထတွဲ မျက်နှာ ၁၄၁ တွင် “ယောဇနသချာၤမှာ ယူဇနာတွက်ရေပိုင်းလိုက်လျှင်” အစချီသော သံချို၊လေးချိုး တောဘွဲ့ကိုပြရာ၌ “ရွှေဘိုမြောက်လက် မြေတိုင်း၊မြင်းစီးသူကြီးရိုး၊” မင်းနေမျိုး သူရိန်ကျော် ဘွဲ့ခံ၊သိမ်ဒကာ ဦးကြီးရေး သံချို၊လေးချိုးတောဘွဲ့ ဟုခေါင်းစီးထိုးထားသည်။ ။တစ်ဖန် တထိုကျမ်း စာမျက်နှာ ၈၂ တွင် “စည်းစိမ်ကြီးပါဘိ၊ရုတ်သီးထောင့်ကိုင်” အစချီသော လွမ်းချင်းကိုပြရာ၌လည်း- “ရွှေဘို စီရင်စု ငါးရာနဲရွာနေ သိမ်ဒကာ ဦးကြီးက မင်းတုန်းမင်း ညီတော် အိမ်ရှေ့ မင်း ကိုရေးစပ် ဆယ်အိမ်ခေါင်းလွမ်းချင်း” ဟုခေါင်းစီးထိုးထားသည်။ဤစာကြောင်းနှစ်ခုကို ကြည့်လျှင်ပင် ဦးကြီးမှာ မြေတိုင်း မြင်းစီး သူကြီးမျိုးရိုး ဖြစ်၍ ရွှေဘိုမြောက်လက် ငါးရာနဲရွာတွင် သိမ်ဆောက်လုပ် လှူဒါန်းလေသောကြောင့် သိမ်ဒါယကာ ဟု လူသိများ၍ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကို သိရလေသည်။
တစ်ဖန်တုံ မြေတိုင်း မြင်းစီး သူကြီးရိုး ဟု ဆိုထားပြန်ခြင်းကြောင့် မိမိသိမ်ဆောက်သည့် ငါးရာနဲ ရွာသူကြီးရိုး ပေလောဟု စောကြော စစ်ဆေးအပ်ပေသည်။ ။ဤအချက်နှင့်ပတ်သတ်၍ မြန်မာစာညွန့်ပေါင်းကျမ်း တွင် အတိအကျ မဆိုငြားသော်လည်း ‘ဖိုးဝဇီရ’ အတ္ထုပ္ပတ္တိ ကိုရေးရာ၌ လွမ်းချင်းဆရာကြီး အကြောင်း ဖိုးဝဇီရ ကိုယ်တိုင် သိမီ မှတ်သားချက်အရ ပြောပြခဲ့ဖူးသည်ကို ထည့်သွင်းစဉ်းစားပေသည်။ ။’ဖိုးဝဇီရ’ အတ္ထုပ္ပတ္တိ စာမျက်နှာ ၂၆၉ တွင် ဤသို့ပါ ပါ၏။ “မဟာဆွေ။ ။အမည်ရယ်ကြီးပါဘိ၊ဇနီးရယ်ပျော်လို……..အဲသည်လွမ်းချင်း ကိုဦးဆောင်းဆိုတာပဲ ။ဘယ်သူရေး သလဲ ဘိုးရဲ့” “ဖိုးဝဇီရ။ ။ဦးဆောင်းဆိုတာ အချည်တော်အမည်ခံ မင်းသားဆွဲ ရုပ်သေးဆရာကွယ့်၊ရေးပေးတဲ့သူက ရွှေဘိုနယ်သား သာဝတ္ထိရွာကြီး၊သိမ့်ဒကာ ဦးကြီးတဲ့၊ အဘိုးရဲ့ ဘထွေးတော်တယ်” ဤကောက်နုတ်ချက်ကိုကြည့်လျှင် ဖိုးဝဇီရ ကိုယ်တိုင် သိမီလိုက်သော ဖိုးဝဇီရ၏ ဘထွေး သိမ့်ဒကာဦးကြီးမှာ သာဝတ္ထိဦးကြီး ဖြစ်ကြောင်းသိရသည်။သို့ဖြစ်လျှင် အထက်ကလည်း မြေတိုင်းသူကြီးရိုး၊ငါးရာနဲရွာနေ သိမ်ဒါယကာ ဦးကြီး ဟုဆိုထားပြန်လေသောကြောင့် အဘယ်သို့ ဖက်စပ် ဖြေရှင်းရမည်နည်း။ ။
ငါးရာနဲရွာ မှာ ရွှေဘိုမြောက် စူးစူး မိုင်၂၀ သာသာခန့် အကွာတွင် ငါးရာနဲချောင်းဘေး၌ တည်ရှိသည်။
ထို ငါးရာနဲ ရွာ၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာတွင် သာဝတ္ထိရွာ သည်ရှိသည်။ ထို ငါးရာနဲရွာနှင့် သာဝတ္ထိရွာတို့သည်လည်း အိမ်ဦးနှင့်ကြမ်းပြင် ကဲ့သို့ နှစ်ရွာ-တစ်ရွာသာဖြစ်ပေသည်။ အလုပ်အကိုင်မှာလည်း များသောအားဖြင့် နှစ်ရွာစလုံးရှိ ရွာသူရွာသား အများ ရုပ်သေးဆွဲ-ကြိုးကိုင် တို့ဖြစ်ကြ၍ မိမိတို့အိမ်များတွင် မင်းသားရုပ်၊မင်းသမီးရုပ်၊ဘုရင်ရုပ်၊ဝန်ရုပ် စသည်တို့ကို ဆိုင်ရာဆိုင်ရာ ကိုင်ရာကိုင်ရာ ဆွဲချိပ်ထားလျှက်ရှိကြသည်။ က ပြ ရန်ရှိသော ထိုမင်းသားရုပ်၊မင်းသမီးရုပ်၊ဘုရင်ရုပ်၊ဝန်ရုပ် စသည်တို့ကို ဆိုင်ရာဆိုင်ရာ ကိုင်ရာကိုင်ရာ ယူ၍ စုပေါင်း ကပြလေ့ရှိကြသည်။သို့ဖြစ်ခြင်းကြောင့် ငါးရာနဲရွာနှင့်သာဝတ္ထိရွာ တို့မှာ တစ်ရွာနှင့်တစ်ရွာ ကွဲပြားခြားနားခြင်း မရှိလှ။ ။ဤသည်ကို ထောက်၍ ဦးကြီးအကြောင်း ပြန်လှန်ကောက်ရသော်……ဦးကြီး၏ မိ,ဘ မျိုးရိုးမှာ ထိုသာဝတ္ထိရွာသူကြီး ရိုးဖြစ်၍ သာဝတ္ထိရွာတွင် သူကြီးလုပ်ရသော်လည်း သာဝတ္ထိရွာ တစ်လှည့် ငါးရာနဲ ရွာတွင် တစ်လှည့် နေထိုင်ခဲ့ခြင်းဖြစ်ရာ၏။ထိုအခါက “မင်းနေမျိုးသူရိန်ကျော်” ဟူသော ဘွဲ့ကိုပင် ရခဲ့၏။သို့ရာတွင် အသက်ကြီးပြင်းလာသောအခါ ငါးရာနဲ ရွာတွင် ပင် ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ရာသည်။ထို့ကြောင့်ပင်လျှင် ငါးရာနဲရွာနေ သိမ်ဒကာ ဦးကြီး ဟုခေါ်ဝေါ် မှတ်သားကြခြင်း ဖြစ်တန် ရာလေသည်။
ဤကား လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။ ကျမ်းကိုး။ ။၁-မြန်မာစာညွန့်ပေါင်း စတုတ္ထတွဲ၊စာမျက်နှာ ၈၂၊၁၄၁ ` ၂-ဖိုးဝဇီရ၊စာမျက်နှာ ၂၆၉
ဦးကြီးဆောက်လုပ်လှူဒါန်းခဲ့သော သိမ်၊အတွင်းမှ ချမ်းသာကြီး၊ချမ်းသာရ ရုပ်ပွားနှစ်ဆူ
Comments
Post a Comment