ယနေ့အချိန်ထိ မိခင်ဖခင် မေတ္တာများကို သတိရ ဦးထိပ်ပန်ဆင်နေပါကြောင်း
ဆောင်းလရာသီ နှင်းစက်တို့က တစ်ဖျောက်ဖျောက်
ညသည် မဟူဝတ်ရုံကို လွှမ်းခြုံထားသည်။ပတ်ဝန်းကျင်သည်လည်း ပကတိ တိတ်ဆိတ်နေသည်။
စည်းချက်မှန် နာရီအိုနှင့် လူသားတစ်ယောက် စာအုပ်တွေပေါ်
တံဆိပ်တုံး ထုသံက တစ်ဒေါက်ဒေါက် တစ်ဒက်ဒက် မြည်နေလေရဲ့။
အဟမ်း အဟမ်း အောက်ထပ်မှ ချောင်းဟန့်သံကို ကြားလိုက်ရသည်။ သေချာတယ်။ဖခင် တရေးနိုးသံဖြစ်သည်ဆိုတာ အလိုလို သိလိုက်သည်။တစ်အိမ်လုံးမှာ အမှောင်အတိ ဖြစ်နေတော့ အပေါ်ထပ် ဖယောင်းတိုင် အလင်းသည် မအိပ်သေးကြောင်း အချက်ပေးသကဲ့သို့ ရှိနေလေသည်။
ဖခင်သည် အိမ်နောက်ဖေးရှိ နွားတင်းကုတ်သို့ ကြည်ရှုစစ်ဆေးပြီး ပြန်အလာ သားမအိပ်သေးကြောင်း အလိုလို သိလေသည်။
“ငါ့သားရာ အိမ်စီးပွားရေးသာ ဒီလိုလုပ်ရင် ငါတို့ချမ်းသာနေတာကြာပေါ့” လို့ လှမ်းပြောသံ ကြားလိုက်ရသည်။
ဖခင် ပြောမည်ဆိုလည်း ပြောချင်စရာ နာရီကို ကြည့်လိုက်တော့ နံနက် သုံးနာရီ ထိုးနေလေပြီ။
စိတ်ထဲမှာ ၂၀၁၂ ၁၂ လပိုင်းဖွင့်လှစ်မည့် စာကြည့်တိုက် အတွက် အလုပ်တွေ မပြီးပြတ်မှာ စိုးရိမ်မိသည်။စာအုပ်အရေအတွက် က သိပ်တော့ များလှသည်လည်း မဟုတ်ပါ။ တံဆိပ်တုံးထုရန်သာ ကျန်တော့သည်။စာအုပ်ချုပ်ခြင်း ကိစ္စများကိုတော့ ကျေးရွာရှိ လူငယ်များ သူငယ်ချင်းများ လုပ်အားပေးကြသည့် လူကြီးများ ဝိုင်းဝန်းလုပ်ဆောင်ကြသည့်အတွက် တော်တော်လေးပြီနေပါပြီ။
အဲကတည်းက ဖခင်သည် မတားခဲ့သော်လည်း အရမ်းကြီး အားပေးခဲ့သည်တော့မဟုတ်ပါ။
စာကြည့်တိုက်ဖွင့်လှစ်ရန် အများသူငှာလို ကြီးကြီးကျယ်ကျယ် ပူစီပေါင်းများဖြင့် ဖွင့်လှစ် ဖဲကြီးဖြတ်ဖွင့်လှစ်ရအောင်ထိ မကြီးကျယ် မခမ်းနားရိုးအမှန်ပါ။ထိုအချက်ကြောင့် ကျေးရွာသူကျေးရွာသားများ စာဖတ်ရှိန်မြင့်မားလာအောင် စာပေကို စိတ်ဝင်စားလာအောင် စာကြည့်တိုက်ကို အသုံးပြုတတ်လာအောင် စသည် ရည်ရွယ်ချက်များဖြင့် ပထမအကြိမ် စာပေဟောပြောပွဲလုပ်ဖြစ်ခဲ့ပါသည်။ ထိုစာပေဟောပြောပွဲမှာ ကျွန်တော့် အစီအစဉ် ညံ့ဖျင်းတာကတစ်ကြောင်း ပွဲအထိန်းအသိမ်းညံ့တာ ကတစ်ကြောင်း
အသက်ငယ်ရွယ်ချင်း စကားပြောထောင့်မကျိုးခြင်းကြောင့် ကျေးရွာ အုပ်ချုပ်မှူး နှင့် အနည်းငယ် ပြဿနာ ဖြစ်ပွားခဲ့ပါသည်။ မိမိသည် ထိုစိတ်အပူဖြင့် ပွဲကို ဆက်လက်ကျင်းပနေပါသည်။စာပေဟောပြောပွဲအပြီးတွင် ဥက္ကဌနှင့် ပြဿနာ ဖြစ်သည်ဆိုတော့ ကျွန်တော့်ဖခင် လိုက်မလာခဲ့ပါ။ သူငယ်ချင်း အရင်းကြီးဖြစ်နေသောကြောင့် သားဇောဖြင့် အမှားပါမည် စိုးသောကြောင့် လိုက်မလာခဲ့ပါ။မိခင်သည်လည်း မိန်းမသားတို့သဘာဝ စိုးရိမ်ပူပန်မှုဖြင့် နောက်ထပ် စာကြည့်တိုက် ကို ဦးမဆောင်စေချင်တော့ပါ။ငါ့သား အများက မင်းဖြစ်စေချင်သလို မပါဘူး။မင်းဦးဆောင်မှုက သူတို့အတွက် အသုံးမဝင်ဘူး။ငါသား ကို မလုပ်စေချင်တော့ဘူး။ပတ်ဝန်းကျင်က ဒီကလေးတော့ ကျောင်းပြီး ဘာအလုပ်မှ မရှိလို့ လုပ်နေတာပါကွာ ကောက်ရှိုးမီးတောက်ပါ။ သူ့ ကျောင်းပြီးသလား ကျောင်းသားပျက်လား မသိပါဘူး။ မုံရွာကို လေးငါးခြောက်နှစ်လောက် သွားနေတာ ဘာဘွဲ့မှန်းလည်း မသိပါဘူး။
ထိုခံစားချက်များဖြင့် မိခင်သည်လည်းကောင်း ဖခင်သည် လည်းကောင်း ခံစားနေရရှာပါသည်။ ဟုတ်ပြီ ငါ့သား မင်းအလုပ်တစ်ခု ရရင် စာကြည့်တိုက် ကို လုပ်ခွင့်ပြုမည်။ထိုအချက်ကို စိတ်ဝင်စားသွားပါသည်။
ရန်ကုန် သင်တန်းတက်။နောက် မိမိ စိတ်ဝင်စားသော ရှုးသွပ်သော Software Engineer ဖြင့် ရပ်တည်ပါသည်။ ။အလုပ်အကိုင် အတည်တကျ ဖြစ်ပါက စာကြည့်တိုက်ကိုလည်း ဦးဆောင်နိုင်မည် တစ်ဖက်ကလည်း မိမိ ဝင်ငွေ ဖြင့် မိဘကို အတိုင်းအတာ တစ်ခုထိ ပြန်လည် ထောက်ပံ့နိုင်မည်။ ဘတ်စကား မောင်းခိုင်းမှ ငွေဝင်မှာ မဟုတ်ဘူး။ကျောင်းသားတစ်ယောက်လဲ ထိုက်သင့်တဲ့ဝင်ငွေ ထိုက်သင့်တဲ့ အလုပ်ကို ရတယ်ဆိုတာ သက်သေပြချင်ပါသည်။ ရှေ့ဆုံးကနေ မားမားမတ်မတ် မိသားစု ရှေ့မှ ရပ်တည်ချင်သည်။ဒုက္ခခံကျောင်းထားသည့်မိဘ အပြောအဆိုခံကျောင်းထားသည့်မိဘ ကျောင်းတက်ရင် ငွေကြေးအခက်အခဲဖြစ်လျှင်တောင် သားကိုအသိမပေးဘဲ တိတ်တဆိတ် ဖြေရှင်းသည့်မိဘ အဲဒီအတွက် ပြန်လည် စံစားစေရမည်။သူတစ်ကာ ထက်ထူးထူးခြားခြား ငါ့သားကို ကျောင်းထားတာ ငါ့တို့မိဘတွေ မမှားဘူးဟေ့လို့ လောကကို လက်သီးလက်မောင်းတန်းစေချင်သည် ပတ်ဝန်းကျင်ကို လက်သီးလက်မောင်းတန်းစေချင်သည်။ အခြားမိဘများကိုလည်း မိမိသားသမီများကို တက္ကသိုလ်ကျောင်းထားခြင်းသည် မှားယွင်းမှု မဟုတ်ကြောင်း သိစေချင်သည်။ ပညာရေးကို အလေးထားစေချင်သည်။အားပေးစေချင်သည်။ချီးမြောက်စေချင်သည်။ပညာသည် လူ့သားမျိုးနွယ်စု တိုးတက်ရန်အတွက် အကောင်းဆုံးအထောက်အပံ့ဖြစ်သည်။ ပညာမှ တစ်ပါး အခြားအရာ မရှိပါ။
ယခုတော့ စာကြည့်တိုက်သည် လည်း အအောင်မြင်ဆုံးမဟုတ်တောင် အတော်အသင့် ရွေ့လျားလည်ပတ်နိုင်လာပါပြီ။မိမိ အလုပ် ရပ်တည်မှုသည် လည်း မိသားစု အတွက် တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရပါပြီ။ဒီလို အခြေအနေမျိုးမှာ ပိုမိုကြည်နှုးရသည့်အချက်မှာ ကျွန်တော့ ဖခင်ကိုယ်တိုင် စာကြည့်တိုက် ဗီရိုအသစ် လုပ်ခြင်းမှာ ဝိုင်းဝန်းကူညီ။။စာအုပ် ဗီရို ကို စာကြည့်တိုက်ုသို့ နွားလှည်းဖြင့် ပို့ပေးတယ်။ဒါအပြင် စာအုပ်ဗီရို နောက်ကျောပိတ်ပြား ပိတ်ရန် လိုအပ်သေးသည့် အထပ်သားများကို ရေဦးမြို့မှ ယူကာ လက်သမားနှင့်အတူ ဝိုင်းဝန်းကူညီ လုပ်ဆောင်နေသည်ကိုမြင်တော့ ကျွန်တော့်အနေဖြင့် ကျေးဇူးတင် ဝမ်းသာပီတိ ဖြစ်မိပါသည်။
မိသားစုအတွက် အပြင် လောကအတွက်ပါ အမှားမရှိ ဂုဏ်သိက္ခာ အစွန်းအထင်းမရှိ သန့်ရှင်းပြီး သမ္မာအာဇီဝကျစွာ ရှာဖွေသော ဝင်ငွေများဖြင့် သားသမီးတွေ ပညာရေး နေရေး စားရေး သောက်ရေး သေရေး အစရှိသည်တို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာ ယနေ့အချိန်ထိ မိခင်ဖခင် မေတ္တာများကို သတိရ ဦးထိပ်ပန်ဆင်နေပါကြောင်း ဝမ်းမြောက်ဖွယ် ဂုဏ်ယူမိပါသည်။
FieryLaddie Library
Sagaing Division,Khin-U Township
TharWutHti Village.
fieryladdie.tharwuthti@gmail.com
fieryladdie.blogspot.com
09-73551087

Comments
Post a Comment